တပ်မတော်တစ်စုတစ်ဖွဲ့ထဲနဲ့ ဆွေးနွေးသဘောတူနေမှု လက်တွေ့မကျဟု အပစ်ရပ် ၇ ဖွဲ့ပြော

တပ်မတော်တစ်စုတစ်ဖွဲ့ထဲနဲ့ ဆွေးနွေးသဘောတူနေမှု လက်တွေ့မကျဟု အပစ်ရပ် ၇ ဖွဲ့ပြော ******************* သံလွင်ခက် မတ် ၂၁ ၊ ၂၀၂၄ ။ ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးကိုလုပ်ဆောင်ရင် ပြည်ထောင်စုထဲမှာ ပါသင့်ပါထိုက်တဲ့အင်အားစုတွေ မဖြစ်မနေပါရမှာဖြစ်ပြီး တပ်မတော်တစ်စုတစ်ဖွဲ့ထဲနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ ဆုံးဖြတ် သဘောတူတာက လက်တွေ့မကျဘူးလို့ အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့က အခု မတ်လ တတိယအပတ်ထဲမှာ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေတွေကိုသုံးသပ်တာ ၊ ပြင်ဆင်သင့်တာတွေကို ဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့မဟာမိတ်အဖွဲ့ ( 7 EAO Alliance ) ကိုဖွဲ့စည်းခဲ့ကြတာပါတယ်။ 7 EAO Alliance ဟာ မြန်မြန်ဆန်ဆန်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကို အကျေအလည်ဆွေးနွေးပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အပြည့်အဝရရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်သွားဖို့ စတဲ့အချက်တွေပါဝင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ချမှတ်ခဲ့ကြပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို သံလွင်ခက်က မေးမြန်းထားပါတယ်။
Back to Top